Wednesday, February 24, 2010

ကမ္ဘာ့ အလှဆုံး နေရာ ( ၁၀၀ ) တွင် ပုဂံဒေသ နှင့် ရွှေတိဂုံ စေတီတော် တို့ ပါဝင်

ကမ္ဘာ တစ်ဝန်းရှိ အလှပဆုံး နေရာ ၁၀၀ တွင် မြန်မာ နိုင်ငံမှ ပုဂံ ဒေသနှင့် ရွှေတိဂုံ စေတီတော်တို့ ပါဝင် နေကြောင်း terre.sans.frontiere.free.fr မှ ထုတ်ပြန်သော စာရင်းများ အရ သိရသည်။ အဆိုပါ စာရင်းတွင် ကမ္ဘာ့ နိုင်ငံ အသီးသီးမှ ထင်ရှားသော နေရာများကို စာရင်း ပြုစု ထားခြင်း ဖြစ်ပြီး ကမ္ဘာကျော် နေရာများ ဖြစ်သည့် အိန္ဒိယမှ တာ့ခ်ျမဟာ၊ တရုတ်နိုင်ငံမှ မဟာ တံတိုင်းကြီး၊ အင်ဒိုနီးရှားမှ ဘာလီကျွန်း၊ ကမ္ဘောဒီးယား မှ အန်ကောဝပ် ဘုရားကျောင်း၊ ပြင်သစ် မှ အီဖဲလ် မျှော်စင်၊ အမေရိကန်မှ လေဘာတီရုပ်တု၊ ကနေဒါမှ နိုင်အာဂရာ ရေတံခွန်၊ မလေးရှား နိုင်ငံမှ ပတ်ထရိုး နက်တာဝါတို့ ပါဝင်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် သဘာဝတောတောင်သယံဇာတ ဖွံ့ဖြိုးပြီး ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်များကို ထိန်းသိမ်း ထားနိုင်သော နေရာ တစ်ခု ဖြစ်သည်။ တိုင်း နှင့် ပြည်နယ် အသီးသီးတွင် သဘာဝ ပတ်ဝန်းကျင် အရသော် လည်းကောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အရသော်လ ည်းကောင်း၊ ဘာသာ တရား အရသော် လည်းကောင်း ထင်ရှားသည့် ထူးခြား ဆန်းကြယ်သည့် နေရာ အများအပြား ရှိသည်ကို တွေ့ရသည်။

ဥပမာ နေဖြင့်ပြောရလျင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိသော အင်းလေးကန်သည် ကန်ရေပြင်မှာ ပထ၀ီ အနေ အထား ပြောင်းလဲခြင်း၊ ရာသီဥတု ပြောင်းလဲခြင်း စသည့်သဘာဝ တရားများကြောင့် ကျဉ်းမြောင်း လာကာ နုန်းအနည် ထိုင်မှု များပြား လာသဖြင့် အချိန်မီ ထိန်းသိမ်း နိုင်ခြင်း မရှိပါက တိမ်ကော သွားနိုင်သည့် အခြေ အနေနှင့် ကြုံတွေ့ နိုင်ကြောင်း ပညာ ရှင်များက သုံးသပ် ကြသည်။

ထို့ပြင် ၁၃၂၅ မိုင်ရှည်လျားသော ဧရာဝတီမြစ်၏ စတင် ပေါင်းစည်းရာ နေရာ ဖြစ်သည့် မြစ်ဆုံ နေရာ သည်လည်း သဘာဝ ပတ်ဝန်းကျင် အရ လည်းကောင်း၊ သာယာ လှပမှု အရ လည်းကောင်း ပြည်တွင်း ပြည်ပ ခရီးသွား အများစု စိတ်ဝင်စား ရာ နေရာ တစ်ခု ဖြစ်သည်။ အဆိုပါ နေရာများ အပြင် ကချင်ပြည်နယ် အတွင်းရှိ အင်းတော်ကြီးအိုင် နှင့် ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ ကယားပြည်နယ်အ တွင်းရှိ တောင်ကွဲစေတီ၊ ကရင်ပြည်နယ် အတွင်းရှိ ဇွဲကပင်တောင်၊ ပင်းတယလိုဏ်ဂူ၊ ပြဒါးလင်းလိုဏ်ဂူ၊ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီနှင့် စက်စဲကမ်းခြေ၊ ရခိုင်ပြည်နယ်ရှိ ငပလီနှင့် မြောက်ဦး သျစ်သောင်း ပုထိုးတော်ကြီး၊ ရှမ်းပြည်နယ်ရှိ အင်းလေးကန်၊ ဧရာဝတီတိုင်းရှိ ချောင်းသာနှင့် ငွေဆောင်ကမ်းခြေ၊ ရန်ကုန်တိုင်းရှိ ကိုကိုးကျွန်း၊ မန္တလေးတိုင်းရှိ မဟာမြတ်မုနိဘုရားကြီး၊ ပြင်ဦးလွင်ဒေသ၊ ပဲခူးတိုင်းရှိ သရေခေတ္တရာမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်း၊ မိုးယွင်းကြီးအင်း၊ မကွေးတိုင်းရှိ ပုပ္ပား၊ ရွှေစက်တော်၊ နဂါးပွက်တောင်၊ စစ်ကိုင်းတိုင်းရှိ အလောင်းတော်ကဿပ၊ နာဂတောင်တန်းဒေသ၊ တနင်္သာရီတိုင်းရှိ မောင်းမကန်နှင့် မြိတ်ကျွန်းစုတို့မှာလည်း မြန်မာနိုင်ငံတွင် ထင်ရှားသောနေရာများ ဖြစ်ကြပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင် စားသည့် နေရာများ ဖြစ်သည်။


ထို့ကြောင့် အဆိုပါဒေသများကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းကြရန် လိုအပ်ကြောင်းကို သမိုင်း ပညာရှင် တစ်ဦးက ''မြန်မာနိုင်ငံမှာက ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ် အရသော် လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင် လေ့လာမှု အရသော် လည်းကောင်း၊ ဘာသာတရား အရသော် လည်းကောင်း ထူးခြားတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ အေဒီ ၁၁၊ ၁၂၊ ၁၃ လောက်မှာ ထွန်းကား ခဲ့တဲ့ ပုဂံဆိုရင် မင်းနေပြည်တော်ကြီး ဖြစ်ပြီးတော့ စေတီပုထိုးတွေတင်မဟုတ်ဘဲ အခြားဂူဘုရား၊ ကျောင်းကန်တွေ၊ ရှေးမှတ်တမ်းတွေ အများကြီးရှိပါတယ်။ ဒါတွေဟာ အစားထိုးလို့မရတော့တဲ့ သမိုင်းအမွေအနှစ်တွေဖြစ်တဲ့အတွက် ရေရှည်ထိန်းသိမ်းဖို့ လိုပါတယ်။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဥပမာ ပဲခူးတိုင်းမှာဆိုရင် သရေခေတ္တရာတို့လို ပျူလူမျိုးတွေ တည်ထောင်ခဲ့တဲ့ နေရာတွေ၊ ဗိဿနိုးမြို့ဟောင်းတို့လို ရှေးဟောင်းမြို့တော်ကြီးတွေ ရှိပါတယ်။ နောက်ပြီး စစ်ကိုင်းတိုင်းမှာဆိုရင်လည်း အလောင်းတော်ကဿပတို့လို သဘာဝဂေဟစနစ်ကို မပျက်မယွင်းအောင် ထိန်းသိမ်းထားနိုင်တဲ့နေရာတွေ ရှိပါတယ်။ ဒီနေရာတွေကို မူလသဘာဝအတိုင်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ထင်ရှားသောနေရာများသည် မြန်မာနိုင်ငံကို နိုင်ငံတကာက စိတ်ဝင်စားပြီး နိုင်ငံခြားခရီးသွားများ ပိုမိုရောက်ရှိလာအောင် ဆွဲဆောင်နိုင်သော နေရာများဖြစ်သည်။ ''မြန်မာနိုင်ငံမှာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုတွေအရရော၊ ရှေးဟောင်းယဉ်ကျေးမှုတွေအရရော ဘာသာတရားအရပါ လေ့လာစရာ၊ လည်ပတ်စရာနေရာတွေ အများကြီးပါ။ တကယ်ဆိုရင် ကမ္ဘာ့အထင်ရှားဆုံးနေရာတွေထဲမှာ ပုဂံတို့၊ ရွှေတိဂုံတို့တင်မကဘဲ တခြားပါသင့်တဲ့နေရာတွေလည်း အများကြီးပါ။ ဥပမာ ကျိုက်ထီးရိုးလို ထူးဆန်းတဲ့နေရာမျိုး၊ မူလက မီးတောင်ဖြစ်ခဲ့တဲ့ ပုပ္ပားတောင်လို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ လေ့လာစရာအများကြီးရှိတဲ့နေရာမျိုး၊ မြောက်ဦးက သျစ်သောင်း ပုထိုးတော်ကြီးတို့ကို ဘာသာတရားကို အခြေခံတဲ့နေရာမျိုးတွေ အများကြီးပါ။ ဒီလိုနေရာမျိုးတွေရှိနေပေမယ့် လူသိနည်းနေတာက ကျွန်တော်တို့နိုင်ငံက စိတ်ဝင်စားလာအောင် ဖော်ထုတ်မှုပိုင်း၊ ဆွဲဆောင်မှုပိုင်း အားနည်းနေလို့ပဲ ဖြစ်ပါတယ်''ဟု လေ့လာသူတစ်ဦးက သုံးသပ်ခဲ့ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးကြီးသကဲ့သို့ ယင်းနိုင်ငံတွင်း၌ ရှိရင်းစွဲဖြစ်သော သဘာဝသယံဇာတ၊ တောတောင်ရေမြေများကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်မှုသည်လည်း နိုင်ငံတွင်းနေထိုင်ကြသော နိုင်ငံသားတိုင်းတွင် တာဝန်ရှိပေသည်။ ထို့ကြောင့် အဆိုပါနေရာများအား ရေရှည်တည်တံ့အောင်ထိန်းသိမ်းခြင်းဖြင့် နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှုများပြားလာနိုင်ကာ မြန်မာနိုင်ငံကို ကမ္ဘာက အသိအမှတ်ပြုလာနိုင်မည် ဖြစ်သည်။

၂၃ . ၂ . ၂၀၁၀ l EM

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....