Tuesday, February 23, 2010

(၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား(ဂျပန်)

၂၀၁၀ခုနှစ်ဖေဖေါ်ဝါရီလ ၂၀ရက်နေ့တွင်ကျရောက်သော (၆၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂျပန်နိုင်ငံ၊တိုကျိုမြို့၊အိခဲဘုကုရိုရှိ
တိုရှိမား ကိုးကိုင်းဒိုး အဆောက်အဦတွင် ၂၀၁၀ခုနှစ်ဖေဖေါ်ဝါရီလ၂၁ရက်နေ့၌ကျင်းပခဲ့ပါသည်။ဂျပန်နိုင်ငံ၌ချင်းအမျိုးသားနေ့အခမ်းအနားကို
နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ရာ ယခု၂၀၁၀ခုနှစ်တွင်ကျင်းပပြုလုပ်သော (၆၂)နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားမှာ(၁၂)မြောက်အဖြစ်
ကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။ယင်းအခမ်းအနားကို ဂျပန်စံတော်ချိန် ညနေ(၆)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကာ အခမ်းအနားမှုးများအဖြစ်
Lia Cing Hau Lun, Mai Sui Nuam Par, Mai Khin Htwe Su (Chin Chin)တို့ကဆောင်ရွက်ခဲ့ကြပါသည်။သဘာပတိကြီးများအဖြစ်
Pu (Rev.) Ronald Lawm Bik, Pu Pau Sian Lian, Pu Lal Sawm Lian တို့ကဆောင်ရွက်ခဲ့ကြပါသည်။

အစီအစဉ်အရ ချင်းယဉ်ကျေးမှုအဖွဲ့က သဘာပတိကြီးများနေရာပေး၍ အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာခဲ့ပါသည်။ထို့နောက်(၆၂)နှစ်မြောက်
ချင်းအမျိုးသားနေ့ မိန့်ခွန်းကို ချင်းအမျိုးသားများ အဖွဲ့အစည်း(ဂျပန်)၏ ဥက္ကဌ ဦးPu Thang Nang Lian Thang ကပြောကြားခဲ့ရာတွင်
မိမိတို့ချင်းအမျိုးသားများအနေဖြင့် အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ပြည်ထောင်စုဖွားတိုင်းရင်းသားများ အဖြစ်အသိအမှတ်ပြုခြင်းခံရသဖြင့်
ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင်လည်း အခြားသောတိုင်းရင်းသားများနှင့်အတူလက်တွဲ၍ တိုင်ပွဲဝင်သွားမည်ဖြစ်ကြောင်း
စသဖြင့်ပြောကြားခဲ့ပါသည်။ဆက်လက်၍ ဖိတ်ကြားထားသော အထူးဧည့်သည်တော်အနေဖြင့် မြန်မာ့အရေးတွင် မြန်မာနိုင်ငံသားများဖက်မှနေ၍
အစဉ်တစိုက် ကူညီဆောင်ရွက်ပေးနေသော၊ချင်းလူမျိုးများ၏ ထာဝရမိတ်ဆွေလည်းဖြစ်သော ဂျပန်လူမျိုး ဆရာကြီး Mrs Hisao Tanabe(ခေါ်)
ဦးရွှေဘမှ ချင်းပြည်နေ့နှင့်ပါတ်သက်၍လည်းကောင်း၊ချင်းတိုင်းရင်းသားများနှင့်ပါတ်သက်၍လည်းကောင်း မိမိကိုယ်တွေ့အမှတ်တရများကို
ကိုးကား၍ စိတ်ဝင်စားဖွယ်ပြောကြားသွားခဲ့ပါသည်။ထို့နောက်တွင် ချင်းအမျိုးသားနေ့အကြောင်းကို (Chin Women Organization-Japan)၏
အတွင်းရေးမှုး Daw Ngun Thanကဖတ်ကြားခဲ့ပြီး အစီအစဉ်အရ မရင်ရင်(ခ)Man Ngaih Hauက အခမ်းအနားပထမပိုင်းပြီးဆုံးကြောင်း
ကြေငြာကာ သဘာပတိကြီးများမှ ပြန်လည်ထွက်ခွာ၍ အခမ်းအနား ပထမပိုင်း အစီအစဉ်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
အခမ်းအနားဒုတိယပိုင်း အစီအစဉ်၌ ချင်းရိုးရာတေးသံသာများနှင့်အတူ ချင်းတိုင်းရင်းသူတစ်ဦးဖြစ်သော နိုင်ငံကျော် စတီရီယိုအဆိုတော်
တေးသံရှင် ဆုန်သင်းပါ(Sung Tin Par) ၏တေးဂီတဖျော်ဖြေမှုအစီအစဉ်ကိုပါ ထည့်သွင်းထားပါသည်။ဒုတိယပိုင်း အစီအစဉ်တွင် အခမ်းအနားမှုး
များအဖြစ်Daw Ngun Than နှင့် Man Ngaih Hauတို့မှဆောင်ရွက်ခဲ့ပါသည်။အစီအစဉ်အရ အဖွင့်သီချင်းကို ချင်းရိုးရာတေးသံသာဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး
ချင်းရိုးရာတေးသံသာများ၊ချင်းရိုးရာ ဝတ်စားဆင်ယင်မှုများ၊ ချင်းပြည်နယ်ဖြစ် အဝတ်အထည်များကို ခေတ်မီစွာတီထွင်ဖန်တီးချုပ်လုပ်ထားသော
ချင်းရိုးရာဖက်ရှင်ပြပွဲ၊ချင်းရိုးရာ ဝါးညှပ်အကတို့ဖြင့် ရှု့ မငြီးစရာစုံလင်စွာဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
ထို့နောက်ဖိတ်ကြားထားသောဧည့်သည်တော်များထဲမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ(ဂျပန်ဌာနခွဲ)နှင့်မြန်မာအမျိုးသမီးများ
သမဂ္ဂတို့မှ ချင်းအမျိုးသားနေ့အတွက် အလှုငွေများလှူဒါန်းခဲ့ကြပါသည်။အစီအစဉ်၏နောက်ဆုံးပိုင်းတွင် တေးသံရှင် ဆုန်သင်းပါမှ နာမည်ကျော်
စတီရီယိုတေးသီချင်းများဖြင့် မြူးကြွလှပစွာအားပါးတရသီဆိုဖျော်ဖြေပြီး နောက်ဆုံး၌ ချင်းတိုင်းရင်းသားများသာမကဘဲ အခမ်းအနားသို့
တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အားလုံးစုံညီစွာ စင်မြင့်ပေါ်သို့တင်ရောက်၍ ချင်းပြည်နယ်နေ့ အမှတ်တရတေးသီချင်းကို
စုပေါင်းသီဆိုကာ ည(၉)နာရီအချိန်တွင် အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါသည်။


ဓါတ်ပုံ။ ။Aung Thoo Thein
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....