Saturday, February 13, 2010

အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အခြေအနေ

မဇ္ဈိမသတင်းဌာန | စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၁ မိနစ်
ချင်းမိုင်၊ နယူးဒေလီ။ ။ အကျယ်ချုပ် ကျခံနေရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦး ယနေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာမည် ဟူသည့် ထင်ကြေးပေးမှုများ ပေါ်ထွက်နေသည်။

ထိုကိစ္စနှင့် ပတ်သက်၍ လတ်တလော အခြေအနေကို မဇ္ဈိမက အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အချို့ထံ ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

''ဗီအိုအေက ညနေ ၆ နာရီမှာ လွတ်မယ်လို့ ပြောတယ်။ သူတို့ ဘယ်က ရလဲတော့ မသိဘူး'' ဟု ဦးအုန်းကြိုင်က ပြောသည်။

''ကျနော်တို့ အခုသွားမလို့။ လွတ်ရင်လည်း ဝင်တွေ့မယ်၊ မလွတ်ရင်လည်း ကျနော်တို့ ပြန်ရမှာပေါ့။ သူ့ခြံကို သွားမလို့'' ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။

“ကျနော် အတည်မပြုနိုင်သေးဘူး။ လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်က အာဏာပိုင်တွေ အိမ်ထဲကို ဝင်သွားတယ်။ လူတွေကလည်း အိမ်ရှေ့မှာ စောင့်နေတယ်။ ဒီလောက်ပဲ သိသေးတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

၈၄ နှစ် ဦးတင်ဦးသည် ယနေ့တွင် နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ပြီဖြစ်သဖြင့် ပြန်လည် လွတ်မြောက်လာမည်ဟု မျှော်လင့်ချက်များ အန်အယ်ဒီ ခေါင်းဆောင်များအကြား ဖြစ်ပေါ်နေသည်။

၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် အန်အယ်ဒီ ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် စစ်အစိုး လက်ကိုင်ဒုတ် လူအုပ်ကြီးက ဝိုင်းဝိုင်းရိုက်နှက်ပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

စတင်ဖမ်းဆီးစဉ်က အကျဉ်းချထားခဲ့သော်လည်း ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့ချုပ်နှောင်ခံခဲ့ရသည်။

(မြန်မာစံတော်ချိန် ည ၇ နာရီ မေးမြန်းချက်)

''အိမ်ရှေ့တည့်တည့်မှာ ကျနော်တို့ ရောက်နေတယ်။ သတင်းထောက်တွေလည်း ရောက်နေတယ်။ အခု အချိန်အထိတော့ မလွှတ်သေးဘူး။ ကျနော်တို့ ဗဟို ပြန်ကြားရေးအဖွဲ့က ဦးတင်ဦး အိမ်ရှေ့မှာကို ထိုင်နေပြီ။ ဘာမှ လွှတ်တယ်လို့ မကြားသေးဘူး။ အထဲထဲ ဝင်လို့ မရသေးဘူး။ ခြံဝမှာ ရဲ ၄ ယောက် ချထားတယ်။ လုံခြုံရေးကားတွေတော့ မရှိဘူး။ ကျနော်တို့ မမြင်ရတဲ့ ဘက်တွေမှာတော့ ရှိမလား မသိဘူး။ ဒီနားမှာရှိတဲ့ ကားတွေကတော့ နိုင်ငံခြား သတင်းထောက်တွေရဲ့ ကားတွေပဲ။ CEC အဖွဲ့ဝင်တွေထဲက အဖိုးကြီးတွေလောက်ပဲ မလာနိုင်တာပါ။ ဖျတ်ဖျတ်လတ်လတ် သွားနိုင်လာနိုင်တဲ့သူ အားလုံး ရှိနေတယ်'' ဟု ဦးအုန်းကြိုင်က ပြောသည်။

(မြန်မာစံတော်ချိန် ၇ နာရီ ၂၅ မိနစ် ဆက်သွယ်မေးမြန်းချက်)

CEC အဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောဆိုချက်

''ကျနော်တို့ အိမ်ရှေ့မှာ ထိုင်နေကြတယ်။ လွတ်ရက်သင့်နေပြီဆိုတော့ သူတို့ အချိန်သင့်ရင်တော့ လွှတ်မှာပေါ့ဗျာ။ ကျနော်တို့ CEC ထဲကဆိုရင် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်၊ ဦးအုန်းကြိုင်၊ ကျနော်၊ ဦးစိန်လှဦးပေါ့ဗျာ။ အားလုံးပေါင်း ၆ ယောက် ထိုင်နေကြတယ်။ သတင်းထောက်တွေလည်း အစိတ် (၂၅) လောက်ရှိတယ်၊ ရောက်နေကြတယ်။ ကျနော်တို့ ခြင်ကိုက်၊ ဖြုတ်ကိုက်ခံပြီး မှောင်ကြီးထဲမှာ စောင့်နေကြတယ်။ ဗိုက်ဆာပြီးတော့ ခြင်ကိုက်နေတာပေါ့ဗျာ။ အိမ်ရဲ့ လမ်းဒေါင့်မှာတော့ လူငယ်တွေကို တွေ့တယ်။ ဗဟန်းမြို့နယ် သံလွင်လမ်း အိမ်နံပါတ် ၃၀''

''အမိန့်ဖတ်တယ်လို့ သတင်းတွေ ထွက်လို့ ကျနော်တို့က လာတာ။ ဒီမှာ မှောင်ပြီးတော့ ဘာမှ မတွေ့ရဘူး။ မီးကလည်း မှိတ်တုတ် မှိတ်တုတ်ပေါ့ဗျာ''
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....