Sunday, February 7, 2010

အမေရီကန် ဒေါ်လာငါးသန်း ဆွစ်ဇာလန်က လှူဒါန်း

မြန်မာနိုင်ငံ အတွင်းရှိ လူသားချင်း စာနာ ထောက်ထား မှု စီမံကိန်းများ အတွက် အမေရိကန် ဒေါ်လာ ငါးသန်း ကို ယခုနှစ်အတွက် ကူညီထောက်ပံ့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး မစ္စတာ Christoph Burgener က လွန်ခဲ့ သည့် သီတင်းပတ်က ပြောကြားသည်။ အဆိုပါ ဒေါ်လာ ငါးသန်းမှ နှစ်သန်း ကို နာဂစ် ပြန်လည် ထူထောင်ရေး လုပ်ငန်း များတွင် အသုံးပြုမည် ဖြစ်ပြီး ကျန်ငွေများကို နိုင်ငံတွင်းရှိ အခြားသော လူသားချင်း စာနာ ထောက်ထားသည့် စီမံကိန်း များတွင် အသုံး ပြုမည် ဖြစ်သည်။

မစ္စတာ Christoph Burgener က နာဂစ်ပြန်လည် ထူထောင်ရေး လုပ်ငန်း များတွင် အသုံးပြုမည့် ရန်ပုံငွေ အများစုကို စာသင် ကျောင်းများ ဆောက်လုပ်ခြင်း လုပ်ငန်းများတွင် အသုံး ပြုမည် ဖြစ်ကြောင်း ပြောကြားသည်။

"နာဂစ်မုန်တိုင်းကြောင့် အဲဒီဒေသ က စာသင်ကျောင်း တွေရဲ့ ရာခိုင်နှုန်း ၅၀၊ ၆၀ လောက် ဆိုးဆိုး ရွားရွား ပျက်စီး သွားတယ်။ အဲဒါကြောင့် ဆွစ်ဇာလန် အနေနဲ့ ပညာရေးကို ဦးစားပေးဖို့ ရွေး ချယ်ခဲ့တာပါ"ဟု မစ္စတာ Christoph Burgener က အီးမေးလ် အင်တာဗျူးတွင် ပြောကြားသည်။ ၎င်းက စာသင်ကျောင်း သစ်များကို သဘာဝ ဘေးအန္တရာယ်ဒဏ် ခံနိုင်ရန် တည်ဆောက်မည် ဖြစ်ပြီး အရေးပေါ် နားခိုရာ နေရာ အဖြစ်ပါ အသုံးပြုနိုင် ကြောင်း ပြောကြား သည်။ "ကျွန်တော်တို့ ဖျာပုံနဲ့ ဘိုကလေး ဒေသတွေကို အဓိက ထားပါတယ်"ဟု ၎င်းက ပြောကြားသည်။ ဆွစ်ဇာလန်၏ ရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် ကျောင်း ၁၃ ကျောင်းသည် ယခုမတ်လတွင် ပြီးစီးမည် ဖြစ်ပြီး ကျန် ကျောင်း ရှစ် ကျောင်းကို တစ်ချိန်တည်း ဆောက်လုပ်မည်ဖြစ်သည်။

ရန်ပုံငွေများကို ကုလသမဂ္ဂ၊ နိုင်ငံတကာ အင်န်ဂျီအိုများနှင့် ဆွစ်ဇာလန် အင်န်ဂျီအိုမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဟံသာဝတီသတင်း

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....