Saturday, January 30, 2010

အထွေထွေအကြပ်အတည်းများကြောင့် ရဲအရာရှိတဦး ပြည်ပသို့ တိမ်းရှောင်လာ

စားဝတ်နေရေးကြပ်တည်းမှုနှင့် ဥပဒေအရ လုပ်ပိုင်ခွင့်များလျော့နည်းလာသည့်အခြေအနေများကြောင့် ရဲအရာရှိတဦး ထိုင်း-မြန်မာနယ်စပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း အထက်အာဏာပိုင်များ၏ အမိန့်ညွှန်ကြားချက်အဆင့်ဆင့်ကို လိုက်လံအကောင်ထည်ဖော် ဆောင်ရွက်ပေးနေရခြင်းနှင့် မိသားစု စားဝတ်နေရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့် အခြေအနေကြောင့် ယခုကဲ့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါ ဒုရဲအုပ်က ပြောသ

“စားဝတ်နေရေး အဆင်မပြေဘူး၊ ကျနော်တို့က နေ့မအားညမအား လိုက်လံလုပ်နေရတာ၊ မိသားစုအတွက် ဘာမှ ပြန်မကြည့်နိုင်ဘူး၊ သူတို့ ခိုင်းတာကိုဘဲ လုပ်နေရတာ၊ ရဲနဲ့မဆိုင်တဲ့အလုပ်တွေဆိုတာ မရှိသလောက် လိုက်လုပ်နေရတယ်၊ အဲဒါတွေကြောင့် အခုလိုထွက်လာရတာ” ဟု ပြောသည်။

တာဝန်ထမ်းဆောင်နေသည့်ကာလအတွင်း ရဲအရာရှိတယောက်အနေဖြင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အခက်ခဲများစွာကြုံတွေ့ခဲ့ရကြောင်းနှင့် တရားဥပဒေစိုးမိုးမှု မရှိသည့်အခြေအနေများကို ၎င်းကဆက်ပြောသည်။

“ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျနော်တို့အထက်အရာရှိဆီ လာပြောတာတို့ဘာတို့ဆိုရင် အကြောင်းပြပြီး ပြန်လွှတ်လိုက်ရတာတွေရှိတယ်၊ တိုင်းမှူးအမ တယောက် ရှေးဟောင်း ပစ္စည်းသယ်လာတာ မိတာလည်း ပြန်လွှတ်ရတာတွေရှိတယ်၊ အဓိက ကတော့ စစ်တပ်အာဏာပိုင်တွေပေါ့၊ ကျနော်တို့က ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ ဆက်ဆံရာမှာ တခုခုဖြစ်ရင် ကျနော်တို့အရေးယူခံရတယ်၊ ပြဿနာ မဖြစ်အောင်ကို ရှောင်တိမ်းနေရတာ အကုန်လုံးကို ကြောက်နေရတာ” ဟု ပြောသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ရဲတပ်သားအဆင့်မှ ဒုရဲအုပ်အဆင့်အထိ (၁၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်ပြည်နယ် ဘားအံမြို့တွင် ဒုရဲအုပ်တာဝန် (၅) နှစ်ခန့် ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရဲတပ်ဖွဲ့ဝင် မိသားစုများစားဝတ်နေရေးအခြေအနေနှင့်ပတ်သက်၍ “ကျနော်က လခ (၃၆,၀၀၀) ရတယ်၊ ကလေးနှစ်ယောက်ရှိတယ်၊ အခြားအဆင့်တွေဆို ပိုခက်ခဲတာပေါ့၊ တပ်ဖွဲ့ဝင်အမျိုးသမီးတွေက အပြင်မှာ ရရာအလုပ် လုပ်ရတယ်၊ အကျင့်ပျက်ခြစားမှုတွေကတော့ ရှိပါတယ်၊ တာဝန်ပေးထားတဲ့သူတွေကတော့ သူတို့ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ လစဉ်ငွေကောက်ခံပြီး ဖြေရှင်းနေရာတာ၊ နှစ်လုံး၊ သုံးလုံး၊ တလုံးပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် စစ်တပ်နှင့် ရဲဝန်ထမ်းများအနေဖြင့် အထက်အာဏာပိုင်အချို့သာ စီးပွားရေး ပြေလည်ပြီး အောက်ခြေအဆင့်ဝန်ထမ်းများမှာ စားဝတ်နေရေးကြပ်တည်းမှုနှင့် အခြားဖိနှိပ်မှု မျိုးစုံကို ခံစားနေရလျှက်ရှိသည်။
ရိုးမ ၃
ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....