Saturday, January 16, 2010

ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည့် အစီအစဉ် ဖျက်သိမ်း

ချင်းမိုင် (မဇ္ဈိမ)။ ။ ဂျပန်နိုင်ငံ တိုကျိုမြို့၌ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းအား ဆန္ဒပြမည်ကို ရဲက ခွင့်မပြုသဖြင့် အစီအစဉ် ပျက်သွားပြီဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။

မနက်ဖြန်တွင် စတင်မည့် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စတုတ္ထအကြိမ်မြောက် “အရှေ့အာရှနှင့် လက်တင် အမေရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် (FEALAC)” အစည်းအဝေး၌ ဆန္ဒပြကြရန် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု ၁၇ ဖွဲ့က စုပေါင်းစီစဉ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြခွင့်အတွက် သက်ဆိုင်ရာ ဂျပန်ရဲများနှင့် ယမန်နေ့က သွားရောက်ဆွေးနွေးရာမှ FEALAC အဖွဲ့ အတွင်း၌ တရုတ်နိုင်ငံ ပါဝင်ခြင်းကြောင့် တရုတ်နိုင်ငံအား မနှစ်သက်သည့် “ဂျပန်အစွန်းရောက် လက်ယာနိုင်ငံရေးသမားများ” က မနှောင့်ယှက်နိုင်စေရန် မည်သည့်ဆန္ဒပြမှုကိုမျှ ခွင့်မပြုကြောင်း သိခဲ့ရသည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ FWUB ဒုဥက္ကဋ္ဌက ပြောသည်။


“မြန်မာတွေ ဆန္ဒပြတာက ပြဿနာ မရှိပေမယ့် ဂျပန်လက်ယာ အစွန်းရောက် နိုင်ငံရေးအုပ်စု ရှိတယ်လေ။ သူတို့က တရုတ်ကို မကျေနပ်တဲ့အတွက်ကြောင့်မို့ လာပြီးတော့ ဆန္ဒပြမယ်လေ။ အဲဒါကြောင့် ဟိုတယ် ပတ်ဝန်းကျင် ဧရိယာကို ကား လုံးဝ ပေးမဝင်ဘူး။ ဆန္ဒပြခွင့် မပေးဘူးဆိုတော့ ဒီပွဲကို Cancel (ပယ်ဖျက်) လုပ်ပစ်လိုက်ရတယ်ပေါ့” ဟု FWUB ဒုဥက္ကဋ္ဌ ကိုဘုန်းလှိုင်က မဇ္ဈိမကို ပြောသည်။

တိုကျိုမြို့ရှိ New Otani Hotel ၌ ကျင်းပမည့် ၂ ရက်ကြာ FEALAC အစည်းအဝေးကြီးသို့ အရှေ့အာရှနှင့် လက်တင်အမေရိကား နိုင်ငံ စုစုပေါင်း ၃၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြမည်ဖြစ်သည်။

ယခု အဖွဲ့အစည်းအဝေး၌ စစ်အစိုးရ၏ ယခုနှစ် ရွေးကောက်ပွဲကိစ္စ ရှင်းပြမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးဥာဏ်ဝင်းသည် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဗီယက်နမ်နိုင်ငံ ဒနန်းမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူး ဆူရင်းပစ်ဆူဝမ်ကို ကတိပြုပြောဆိုခဲ့သည်။ သို့သော် ရွေးကောက်ပွဲနှင့် ပါတီဆိုင်ရာ ဥပဒေများ ထုတ်ပြန်နိုင်ခြင်း မရှိသေးသည်သာမက ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုပင် ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

အရှေ့အာရှနှင့် လက်တင်အမေရိကနိုင်ငံများအကြား ဆက်ဆံရေးထူထောင်ရန် စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း ဂိုချုပ်တောင်က စတင်အကြံပြုခဲ့ခြင်းဖြစ်ပြီး၊ ၁၉၉၉ ခုနှစ် စက်တင်ဘာတွင် အရှေ့အာရှနှင့် လက်တင် အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FEALAC) ကို ထူထောင်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို ၂ နှစ်တကြိမ် ကျင်းပပြီး နိုင်ငံရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့် နည်းပညာရပ်များကို ဆွေးနွေးကြသည်။ တတိယအကြိမ်မြောက် အစည်းအဝေးကို ၂ဝဝ၇ ခုနှစ် သြဂုတ်လက လက်တင်အမေရိကနိုင်ငံ ဘရာဇီးတွင် ကျင်းပခဲ့သည်။

FEALAC အဖွဲ့တွင် အာရှမှ ၁၅ နိုင်ငံပါဝင်ပြီး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ လာအို၊ သြစတြေးလျ၊ နယူးဇီလန်တို့ ဖြစ်ကြသည်။

လက်တင်အမေရိကမှ ၁၈ နိုင်ငံ ပါဝင်ပြီး အာဂျင်တီးနား၊ ဥရုဂွေး၊ အီကွေဒေါ၊ အယ်ဆာဗာဒို၊ ကျူးဘား၊ ဂွာတီမာလာ၊ ကော်စတာရီကာ၊ ကိုလမ်ဘီယာ၊ ချီလီ၊ ဒိုမီနီကန် ရီပါဗလစ်၊ နီကာရာဂွာ၊ ပနားမား၊ ပါရာဂွေး၊ ဘရာဇီး၊ ဗင်နီဇွဲလား၊ ပီရူး၊ ဘိုလီးဗီးယားနှင့် မက္ကဆီကို နိုင်ငံတို့ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ကို မြန်မာ့အရေး လှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ယင်းဆန္ဒပြပွဲတွင် ဦးဥာဏ်ဝင်းသည် ဖိနပ်ဖြင့် ပစ်ပေါက်ခံခဲ့ရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ပြန်ခေါက်ထားရန်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....