Friday, January 1, 2010

နှစ်သစ်ကူးနေ့သည် ဒုက္ခသည်အများအပြား၏ မွေးနေ့ဖြစ်နေ





မယ်လ ခေါ် ဘဲကလော် ဒုက္ခသည်စခန်းမှ ကလေးတဦး။ မွေးနေ့အမှန်ကို မသိပါက ဤကလေးသည် ဇန်နဝါရီ ၁ ရက်နေ့ဖွား ဖြစ်သွားပေမည်။ (ဓာတ်ပုံ - မိုးမခ)
ဒုက္ခသည်အများအပြား၏ မွေးနေ့သည် ဇန်နဝါရီ ၁ ရက်နေ့ ဖြစ်နေသည်ဟု ယနေ့ထုတ် Los Angeles Times သတင်းစာတွင် ရေးထားသည်။
          အမေရိကန်နိုင်ငံသို့ ၂ဝဝ၉ ခုနှစ်တွင် ဒုက္ခသည် ရှစ်သောင်းခန့် ရောက်ရှိလာရာ တသောင်းကျော်၏ မွေးနေ့မှာ ဇန်နဝါရီ ၁ ရက်နေ့ဖြစ်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားထားသည်။
          ကုလသမဂ္ဂ နှင့် အမေရိကန် အရာရှိများက မွေးနေ့မသိသော ဒုက္ခသည်များအတွက် မွေးနေ့ သတ်မှတ်ပေးရာတွင် နှစ်သစ်ကူးနေ့ကို ရွေးချယ်ပေးလေ့ရှိသည်၊ ထိုသို့ ရွေးချယ်ပေးရန် မူဝါဒ ချမှတ်ထားခြင်း မရှိသော်လည်း ကမ္ဘာတဝန်းတွင် ထိုသို့ပင် လုပ်ကိုင်နေကြသည်ဟု ဆိုသည်။
          နှစ်သစ်ကူးကို မွေးနေ့အဖြစ် သတ်မှတ်ခံရသဖြင့် ယနေ့ အသက် တနှစ် တရားဝင် ကြီးသွားသူများထဲတွင် မြန်မာ၊ လာအို၊ ဆူဒန်၊ အီသီယိုးပီးယား စသည့် နိုင်ငံများမှ ဒုက္ခသည် အများအပြား ပါဝင်သည်။
          မွေးစာရင်း မရှိခြင်း၊ စစ်ဖြစ်ရာဒေသတွင် မွေးဖွားခြင်း၊ မှတ်တမ်းတင်သည့် အလေ့အထ မရှိခြင်း စာမတတ်ခြင်း စသည်တို့ကြောင့် မွေးနေ့ပျောက်ဆုံးနေသူများ ဖြစ်သည်။
          မွေးဖွားသည့် နေ့ အတိအကျကို မှတ်သားခြင်း မရှိဘဲ ကပ်ဘေးကျရောက်သည့်နှစ်၊ ရွာကို စစ်သားများ ဝင်ရောက်ပစ်ခတ်သည့်ကာလ၊ ရေကြီးသည့်ကာလ စသည့် အချိန်များတွင် မွေးဖွားသည်ဟုသာ မှတ်သားလေ့ရှိသည်။
          မွေးနေ့ကို ဥပေက္ခာပြုထားကြသော ဒုက္ခသည်များသည် အမေရိကန်နိုင်ငံသို့ ရောက်ရှိသည့်အခါ မွေးနေ့ပွဲယဉ်ကျေးမှု ထွန်းကားသည်ကို တွေ့ရလေသည်။ အမေရိကန်ကြီးငယ်တို့က မွေးနေ့ကို အလေးအနက်ထားပြီး မွေးနေ့ပွဲများ ကျင်းပလေ့ ရှိသည်။
          ထိုင်းမြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည် အများအပြား ခိုလှုံနေသည်ကို တွေ့နိုင်သည်။ မြန်မာဒုက္ခသည်တို့သည် သားသမီး တဦးထက်မက မွေးဖွားလေ့ရှိပြီး အများအပြား၏ မွေးနေ့မှာ ဇန်နဝါရီ ၁ ရက်နေ့ ဖြစ်နေတတ်သည်။
          မှတ်တမ်းတင်မှု အားနည်းသည့် မြန်မာပြည်သားများသည် မိသားစုဝင်များ၏ မွေးနေ့ကဲ့သို့သော ရက်စွဲများကို မှတ်မိလေ့ မရှိပေ။ ထို့ကြောင့် ဒုက္ခသည် မိဘများ မှတ်သားရ လွယ်ကူမည့် ၁ လပိုင်း၊ ၁ ရက်နေ့ကို ၎င်းတို့၏သားသမီးများ မွေးသည့်နေ့အဖြစ် ကူညီကယ်ဆယ်ရေးဝန်ထမ်းများက သတ်မှတ်ပေးလေ့ရှိသည်ဟု ဆိုသည်။ မွေးနေ့ပွဲကို အလေးထားသည့် နိုင်ငံတခုသို့ ထိုမိသားစု ရောက်ရှိသွားပါက သားသမီးများ၏ မွေးနေ့ပွဲကို တနေ့တည်းတွင် အတူတူ ကျင်းပမည် ဖြစ်သည်။။
          ဒုက္ခသည်စခန်းများတွင် မွေးနေ့သည် ပုံမှန် ဖြတ်သန်းသွားရမည့် သာမန်နေ့တနေ့ ဖြစ်လေသည်။ ပြက္ခဒိန် ဟူသောအရာကိုလည်း ဒုက္ခသည်မိသားစုတိုင်း ပိုင်ဆိုင်ကြသည် မဟုတ်ပေ။
မိုးမခအထောက်တော် အမှတ် ဝဝ၆

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....