Friday, December 18, 2009

NLD ခေါင်းဆောင်ပိုင်း ပြောင်းလဲရေး ကွဲလွဲမှုများရှိ













ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ပါတီ ၂၁ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် တွေ့ရသော NLD လူငယ် အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) ကိုပြန်လည် ဖွဲ့စည်းရန်နှင့် ပတ်သက်၍ NLD အဖွဲ့ဝင်များ အကြားတွင် သဘောထားအမြင် ကွဲလွဲမှုများ ဖြစ်ပေါ်နေ သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် NLD ခေါင်းဆောင်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် လက်ရှိ CEC အဖွဲ့ ပြင်ဆင်ဖွဲ့စည်းရန် ပြောကြားခဲ့ခြင်းအား ကြိုဆိုကြောင်း          ပဲခူးမြို့နယ်NLD ဥက္ကဋ္ဌ ဦးမြတ်လှက ဧရာဝတီကို ပြောသည်။  
“မလုပ်နိုင်ဘဲနဲ့ ထိပ်ဆုံးက နေရာတွေ ယူထားတော့ ဘာလုပ်မှာလဲ၊ မပြောင်းလဲရင် NLD ကျဆုံး သွားမှာပေါ့၊ တက်တက် ကြွကြွနဲ့ လူငယ်တွေ အများကြီးရှိတယ်၊ အမေရိကန် သမ္မတတောင်မှ အသက် ၄၀ ကျော်ပဲ ရှိသေးတယ်”ဟု ၎င်းကဆိုသည်။

ဦးမြတ်လှသည် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပဲခူးမြို့အမှတ် ၂ မဲဆန္ဒနယ်မှ ရွေးကောက်ခံ အမတ်တဦးဖြစ်ပြီး ယခုနှစ် ဧပြီလ တွင် ပြုလုပ်ခဲ့သည့် NLD ညီလာခံတွင် ကျန်းမာရေးချွတ်ယွင်းမှုကြောင့် ပါတီတာဝန်များကို မထမ်းဆောင်နိုင်တော့သည့် သက်ကြီး ခေါင်းဆောင်များအား အနားယူရန် ရွှေဂုံတိုင်ညီလာခံတွင် အဆိုတင်သွင်းခဲ့သူလည်း ဖြစ်သည်။

၎င်းအဆိုကိုတင်သွင်းရခြင်းမှာ မိမိအကျိုးနှင့် ပါတီအတွင်းပြိုကွဲမှု ဖြစ်ပေါ်စေရန်မဟုတ်ဘဲ တိုင်းပြည်၏ ရေရှည် ကောင်းကျိုး အတွက်ဖြစ်ကြောင်း၊ ဆက်လက်လုပ်ဆောင်ရမည့် ပြုပြင်ပြောင်းလဲရေးများမှာ တပြည်လုံးရှိပါတီဝင်များ တောင်းဆိုနေသည့် ဗဟိုကော်မတီကိုဖွဲ့စည်းပေးရန်နှင့် ညီလာခံတခုထပ်မံခေါ်ယူပေးရန်ဖြစ်ကြောင်း ရှေ့နေကြီး ဦးမြတ်လှကဆိုသည်။

NLD ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ဆွေကမူ လက်ရှိ CEC အဖွဲ့အား ပြန်လည်ဖွဲ့စည်းမည်ဆိုလျှင် အောက်ခြေမှ ပါတီဝင် များက ရွေးကောက်တင်မြှောက်ခြင်းနှင့် ဗဟိုအဆင့်မှ ရွေးချယ်၍ ယာယီတာဝန်ပေးခြင်းဟု နှစ်မျိုးရှိကြောင်း၊ ယခု လက်ရှိအခြေ အနေတွင် အောက်ခြေမှ ရွေးချယ်တင်မြှောက်ခြင်း သည် မဖြစ်နိုင်ကြောင်း ပြောသည်။

“လက်ရှိ CEC ကို တိုးချဲ့ဖွဲ့စည်းပြီးတော့ လုပ်ငန်းလည်ပတ်မှု ပိုကောင်းလာမယ်ဆိုရင်တော့ လက်ခံကြမှာပါ” ဟု ၎င်းကဆိုသည်။

သို့သော် ပါတီဝင်များ တောင်းဆိုသကဲ့သို့ တနိုင်ငံလုံးအတိုင်းအတာနှင့် ညီလာခံတခု ခေါ်ပေးရန်မှာ လက်ရှိအခြေအနေတွင် မဖြစ် နိုင်ကြောင်း၊မြို့နယ်၊ တိုင်း၊ပြည်နယ် အဆင့်ဆင့် ညီလာခံများကို ဦးစွာပြုလုပ်ရမည်ဖြစ်ကြောင်း၊စစ်အစိုးရက ပိတ်ပင်ထားသဖြင့် မြို့နယ်အများစုတွင် ရုံးခွဲများ ဖွင့်လှစ်ခွင့်၊ ဆိုင်းဘုတ်တင်ခွင့်များပင် မရှိသေးကြောင်း၊ ထို့ကြောင့် CEC ရွေးချယ်မှုကို ယာယီ အနေ ဖြင့် လက်ရှိဗဟိုကော်မတီမှ ညှိနှိုင်းတိုးချဲ့လျှင် ပိုမိုကောင်းမွန်သည်ဟု ထင်မြင်ကြောင်း ဦးခင်မောင်ဆွေကပြောသည်။

ဗဟိုအမျိုးသမီးအထောက်အကူပြုတာဝန်ခံတဦးဖြစ်သူ ဒေါ်ခင်စောဌေးကလည်း“ပါတီညီလာခံခေါ်ယူပြီးတော့ ဗဟိုကော်မတီ ပြန်ဖွဲ့တာက အကောင်းဆုံးဖြစ်မယ်ထင်တယ်၊ ညီလာခံဆိုတာက အကြီးကြီးလုပ်စရာမလိုပါဘူး၊မြို့နယ် ဥက္ကဋ္ဌတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ခေါ်တာ အကောင်းဆုံးဖြစ်မယ်”ဟု ပြောသည်။

ယခုကဲ့သို့ အောက်ခြေပါတီဝင်များက တောင်းဆိုနေခြင်းသည် ဗဟိုကော်မတီအား ဆန့်ကျင့်နေခြင်းမဟုတ်ကြောင်း၊ ဗဟိုကော်မတီ အနေဖြင့်လည်း အောက်ခြေ ပါတီဝင်များအား နားလည်ပေးစေလိုကြောင်း၊ မြို့နယ်၊ ကျေးလက်များတွင် အင်အားရှိရန် ပါတီဗဟို အနေဖြင့် မှန်ကန်စွာမူဝါဒချမှတ်ရန် လိုအပ်ပါကြောင်း ဒေါ်ခင်စောဌေးကဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ဌာနမှ ကိုမိုးဇော်ဦးကလည်း အဖွဲ့အစည်းတိုင်းတွင် လူကြီး နှင့် လူငယ်များကြား သဘောထားကွဲလွဲမှုဆိုသည်မှာ သဘာဝ ဖြစ်လေ့ဖြစ်ထရှိသည့် သဘောဖြစ် ကြောင်း၊ သို့သော်လည်း ၎င်းအချက်ကို အကြောင်းပြု၍ ညီညွတ်ရေး မပြိုကွဲသင့်ကြောင်း ပြောသည်။

“ညီလာခံ ကျင်းပဖို့ဆိုတာ လက်ရှိအခြေအနေမှာ မလွယ်ဘူး၊ စစ်အစိုးရက ခွင့်ပြုမယ် ခွင့်မပြုဘူးဆိုတာကို ကြည့်ရလိမ့်မယ်၊ လိုအပ်ရင် လူကြီးတွေက ခေါ်ယူပေးပါလိမ့်မယ်”ဟု၎င်းကဆိုသည်။

ပါတီတွင်းမျိုးဆက်သစ် ခေါင်းဆောင်များပေါ်ထွက်လာရေးသည် ပါတီယန္တရားလည်ပတ်နေသည့် အချိန်အခါမျိုးတွင် ပိုမို လွယ်ကူ ကြောင်း၊သို့သော်ယနေ့အခြေအနေသည် ပါတီဗဟိုနှင့် အောက်ခြေကြားတွင် အဆက်အစပ်မရှိဖြစ်နေကြောင်း၊ ဗဟိုကော်မတီ အနေဖြင့်လည်း အောက်ခြေပါတီဝင်များ၏ လိုလားချက်များကို လက်ခံနားထောင်ခြင်း၊ စမ်းသပ်တာဝန်ပေးခြင်းများကို ပြုလုပ်သင့် ကြောင်း၊သို့သော်လည်း ပါတီဝင်များလိုလားသည့် ညီလာခံခေါ်ယူရေးတွင်မူ စစ်အစိုးရက တင်းကျပ်ထားသည့် အောက်တွင် ခရီးသွားလာရေးစသည့် အခက်အခဲများစွာ ပေါ်ပေါက်လာနိုင်သည့်အတွက် ဆွေးနွေးအဖြေရှာသင့်ကြောင်း NLD ခေါင်းဆောင် အသက်(၈၀) ၀န်းကျင်ရှိ ဦးဝင်းတင်က သုံးသပ်သည်။

NLD အဖွဲ့အတွင်းရှိ အသက်အရွယ်ကြီးရင့်သည့် CEC များမှာ ဥက္ကဋ္ဌ ဦးအောင်ရွှေ ၊အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ဦးသန်းထွန်း၊သခင်စိုးမြင့်နှင့်ဦးလှဖေတို့ဖြစ်ကြပြီး ၎င်းးတို့၏ အသက်များမှာ ပျမ်းမျှအားဖြင့် အသက် ၈၀ နှင့် ၉၀ကြားတွင် ရောက်ရှိနေကြပြီ ဖြစ်ကြောင်း၊ စစ်အစိုးရက အကျယ်ချုပ်ထားသည့် ဒု ဥက္ကဌ ဦးတင်ဦးသည်လည်း အသက် (၈၃) နှစ်ရှိကြောင်း သိရသည်။
Thursday, 17 December 2009 19:07 ကိုရန်ပိုင်

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....