Monday, December 7, 2009

ဂျပန်လ.ဝ.က၏ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့်ပါတ်သက်၍ စဉ်းစားဖြေရှင်းပေးနေသော အသင်း


ဂျပန်နိုင်ငံ၊ IBARAKI KEN၊ USHIKU လ.ဝ.က၏ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပါတ်သက်၍ စဉ်းစားဖြေရှင်းပေးနေသောVOLUNTEER အသင်း၏ နှစ်ပါတ်လည်အစည်းအဝေးကို ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလ၊ ၆ ရက်နေ့၌ TSUKUBA SHI၊ CHUO စာကြည့်တိုက်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသော နိုင်ငံခြားသားများအား ကူညီပေးနေသည့် ဂျပန်လူမျိုးများ၊ အချို့သောသတင်းစာဌာနမှ သတင်းထောက်များ၊ ဓါတ်ပုံသတင်းသမားများနှင့် ဂျပန်နိုင်ငံတွင်ဒုက္ခသည် လျှောက်ထားသော နိုင်ငံခြားသားများ တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင်အသင်း၏ ဥက္ကဌဖြစ်သူ TANAKA SANမှ အဖွင့်အမှာစကားနှင့်အတူ အသင်း၏ တစ်နှစ်တာပါတ်လုံး ဆောင်ရွက်ခဲ့သော လှုပ်ရှားမှုများ၊ အတွေ့အကြုံများကိုပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍အစီအစဉ်အတိုင်း အသင်းဝင်များကိုယ်စား MATSUDA SAN မှလည်းကောင်း၊ မြန်မာဒုက္ခသည်များအရေးကို အဓိကထားဆောင်ရွက်ပေးနေသော မြန်မာဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း (ဂျပန်)၏ ဥက္ကဌ OTAKI SAN မှလည်းကောင်း၊ ဒုက္ခသည်များနှင့် ပါတ်သက်၍ ဂျပန်လူမျိုး ရှေ့နေနှစ်ဦးကလည်းကောင်း၊ မြန်မာဒုက္ခသည်များ အရေးနှင့်ပါတ်သက်၍ ဂျပန်လူမျိုး ဂျာနယ်လစ်တစ်ဦးက ၄င်းကိုယ်တိုင် ထိုင်း-မြန်မာနယ်စပ်တွင် ရိုက်ကူးခဲ့သော ဓါတ်ပုံများကို ပြသခြင်းဖြင့်လည်းကောင်း နိုင်ငံခြားသားများအကြောင်းကို ဆွေးနွေးတင်ပြသွားခဲ့ကြပါသည်။

ဆက်လက်၍ ဂျပန်နိုင်ငံတွင် ဒုက္ခသည်လျှောက်ထားသော နိုင်ငံခြားသားများက ၄င်းတို့၏ ဂျပန်လ.ဝ.ကတွင် ခံစားခဲ့ရသည့် ခါးသီးလှသော လူအခွင့်အရေးချိုးဖေါက်ခံရမှုများကို ကာယကံရှင်များကိုယ်တိုင် ပြောပြခဲ့ကြပြီး ထိုကိစ္စနှင့်ပါတ်သက်၍ သိလိုသည်များကို မေးမြန်းခြင်း၊ ဖြေကြားခြင်းများကို ဂျပန်လူမျိုးများနှင့် နိုင်ငံခြားသားဒုက္ခသည်များအကြား အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောဆိုခြင်းများပြုလုပ်ကာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် အခမ်းအနားကိုအောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။

ထို့အပြင် တက်ရောက်လာကြသော ဧည့်သည်များအား အသင်းမှယန်း၁၁၅၀တန် အပြန်ရထားလက်မှတ်များကို မေတ္တာလက်ဆောင်ပေးခဲ့ပါသည်။ ကျမအနေဖြင့် အလွန်ကျေးဇူးတင်စရာ ကောင်းသည်ဟု ထင်မြင် ယူဆမိပါသည်။

ဓါတ်ပုံ....ကိုအောင်ထူးသိန်း

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....