Thursday, November 26, 2009

ဂူဂဲကမ္ဘာ့မြေပုံမှာ မြန်မာနျူကလီးယားအဆောက်အဦပုံ ပေါ်နေသလား


မြောက်ကိုရီးယားကို မြန်မာနျူကလီးယားကိစ္စကူညီမှုနဲ့ အမေရိကန် က အကြီးအကျယ်အပြစ်တင်နေချိန်၊ ၂ဝဝ၉ ခုနှစ် ဇူလိုင်လဆန်း မှာ၊ အပျော်တမ်းကွန်ပြူတာသမားအချို့ဟာ ဂူဂဲကမ္ဘာ့မြေပုံ၊ မြန်မာ ပြည်တနေရာမှာ ထူးဆန်းတဲ့အဆောက်အဦးပုံတပုံကို တွေ့လိုက် ကြတယ်။ အပြင်ပန်းကကြည့်ရင် နျူကလီးယားစခန်းနဲ့ တူတယ်လို့ ဆိုပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားတို့က ကူညီဆောက်လုပ်ပေး ထားတာ ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။ မြန်မာအစိုးရက တော့ ခုအချိန်ထိ ဘာမှတုံ့ပြန်ပြောဆိုတာ မရှိပါ။

အဲဒီ မသင်္ကာစရာ အဆောက်အဦးဟာ မြန်မာပြည် အလယ်ပိုင်း တောတွင်းတနေရာမှာ တည်ရှိနေတာပါ။ အပေါ်ကကြည့်ရင် လေးဒေါင့်ပုံပါပဲ။ အရှည် (၈၂) မီတာ၊ အကျယ် (၈၄) မီတာရှိပြီး၊ အမိုးက အပြာရောင်ပါ။ အမှတ်တမဲ့ကြည့်ရင် ရေကူးကန်ကြီးတခုနဲ့ အလွန်တူပါတယ်။

ဒီပုံကို လူတွေစိတ်ဝင်စားကြတာ အကြောင်းရှိပါတယ်။ ဒီမတိုင်မီက သြစတြေးလျသုတေသီ (၂) ယောက်ဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့အနေနဲ့ မြန်မာအစိုးရကို နျူကလီးယားသုတေသနစခန်းတခု ကူညီဆောက်ပေးခဲ့ကြောင်း မြန်မာစစ်ဘက်ဆိုင်ရာများဆီက သတင်းရထားခဲ့လို့ပါပဲ။ ဆစ်ဒနီ နံနက်ခင်းသံတော်ဆင့်သတင်းစာနဲ့ သြစတြေးလျရဲ့ “ခေတ်” သတင်းစာမှာ စောစောပိုင်းကတည်း က ဒါတွေပေါက်ကြားခဲ့တယ်။ သြစထြေးလျ နိုင်ငံတော်တက္ကသိုလ်စစ်ဗျူဟာဌာန ပါမောက္ခဒက်စမွန်ဘောလ်နဲ့ ထိုင်းနိုင်ငံအလွတ် သတင်းထောက် ဖစ်လ်သွန်တန်တို့ရဲ့ ပြီးခဲ့တဲ့ (၂) နှစ်တာ ကာလအတွင်း လေ့လာချက်အရ၊ မြန်မာအစိုးရဟာ ၂ဝ၁၄ ခုနှစ် မတိုင်မီ မှာ နျူကလီးယားဗုံးထုတ်ဖို့ ကြိုးစားအကောင်အထည်ဖော်နေကြောင်း တွေ့ရှိရတယ်ဆိုတဲ့ သတင်းအချက်အလက်တွေအရ အခုတွေ့ ရှိရတယ်ဆိုတဲ့ အဆောက်အဦးကြီးဟာ နျူကလီးယား သုတေသနစီမံကိန်းအတွက် သုံးနေတာ အလွန်ဖြစ်နိုင်ကြောင်း တွက်ဆကြပါ တယ်။ ဒါ့အပြင် ဂူဂဲဓာတ်ပုံထဲမှာ အဆောက်အဦအနီးအနားဒေသ လမ်းဆုံတွေမှာ စစ်ဆေးရေးဂိတ်တွေ တွေ့ရှိသလို အစောင့်ချ ထားတာကိုလည်း တွေ့ရှိရပါတယ်။

စစ်ရေးအချက်အလက်တွေ ဖော်ထုတ်ရာမှာ ကျွမ်းကျင်တဲ့ အိုကွန်နာကတော့ အဲဒီဓာတ်ပုံကိုကြည့်ပြီး၊ ဒါဟာ နျူကလီးယားဆိုင်ရာ အဆောက်အဦးဖြစ်ပေမယ့် တွဲဘက်အဆောက်အဦးမျှသာဖြစ်တယ်လို့ ဆိုပါတယ်။ မြေအောက်မှာရှိနေတဲ့ အကြီးစားအဆောက် အဦကို ဖုံးအုပ်ပေးထားခြင်းသာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်ဖြစ်နိုင်ချေကတော့ ဒါဟာ လုံခြုံရေးဆိုင်ရာ အဆောက် အဦမျှသာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် စက်ယန္တယားစက်ရုံတရုံလည်း ဖြစ်နိုင်တယ်။ နျူကလီးယားအစီအစဉ်နဲ့ ဘာမှမဆိုင်တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဝါရှင်တန်နိုင်ငံတကာလုံခြုံရေးနဲ့ သိပ္ပံသုတေသနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီအဆောက်အဦးရဲ့ အဓိကအစိတ်အပိုင်းဟာ မြေအောက် ထဲမှာ ရောက်နေတယ်၊ ဒါပေမဲ့ နျူကလီးယားနဲ့ ပတ်သက်နေတာရယ်လို့တော့ ထင်ထင်ရှားရှားမတွေ့ရသေးဘူး၊ လောလောဆယ်မှာ ပါရဂူပညာရှင်များက ဒီဓာတ်ပုံကို တဆင့်တိုးလေ့လာဆဲ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာအစိုးရက သြစတြေးလျသတင်းစာများရဲ့ ဖော်ပြမှုအပေါ်တုံ့ပြန်တာ မရှိသေးဘူး။ မြောက်ကိုရီးယားနဲ့ ရုရှားတို့ကလည်း ဒီကိစ္စ အပေါ် ဘာမှမပြောသေးပါ။

ဒီနေရာကို မဆိုင်သူတွေက တွေ့ရှိပြီး ဗြောင်ထုတ်ဖော်ပြီးတဲ့နောက်မှာ စိတ်ပါဝင်စားသူ အတော်များများက ဂူဂဲကမ္ဘာ့မြေပုံရှေ့မှာ နေ့ညမပြတ် စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့မြောက်ကိုရီးယား ဆက်ဆံရေးဟာ ကလင်တန်ရဲ့ ချစ်ကြည်ရေး ခရီး စဉ်တွေအပြီးမှာ ကောင်းလာမလိုလို ဖြစ်လာပါပြီ။ အခုမြန်မာပြည်ရဲ့ နျူကလီးယားအစီအစဉ်ကိစ္စဟာ အစစ်အမှန်မှန်းသိလာပြီ ဆိုရင် တော့ အိုဘာမား၊ ဟီလာရီတို့အနေနဲ့ မြောက်ကိုရီးယားကို ဆိုးသွမ်းနိုင်ငံစာရင်းထဲ ပြန်သွင်းဦးမလားမသိပါ။
တရုတ်ပြည်ထုတ်ဝေါဗျူးဂျာနယ်မှ ဆီလျော်အောင်ဘာသာပြန်သည်။
naytthit.com

No comments:

Post a Comment

လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပါသည်။ အများသူငါဖတ်ရန်မသင့်သော ရိုင်းပြသောစကားလုံးများ သုံးစွဲပါက ဖျက်ခြင်းခံရပါမည်။
ဝေဖန်ရေးနှင့် အကြံပေးခြင်းများကို လှိုက်လှဲစွာကြိုဆိုရလျက်။
လေးစားစွာဖြင့်
အေးနန္ဒာအောင်

ကမ္ဘာအနှံ့ကသတင်းတွေ....